ဘားအံ ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဖတ်ရှုလေ့လာမှုဖြင့် လူသားတိုင်းကို ကောင်းကျိုးပြုနိုင်ရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှု ပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(ခွဲ)အုန်းတပင်၊ အုန်းတပင်စာကြည့်တိုက်နှင့် အ-ထ-က(ခွဲ-၃) ကျောင်းများသို့ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာအုပ်စာပေဖတ်ရှုမှုဝါသနာပါသူ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား/သူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအား အားလပ်ချိန်များတွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်ရန်အတွက်ရွေ့လျားစာကြည့်တိုက်(Mobile Library) မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတ၊ ရသ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးလျက်ရှိရာ အ-ထ-က(ခွဲ)အုန်းတပင်ကျောင်းမှ Grade-7 ကျောင်းသူ မဝင့်သဒ္ဒါထက်က စာအုပ်/စာစောင် များ ငှားရမ်းမှုနှင့်ပတ်သက်၍ “သမီးတို့လို ကျောင်းသူ/သားများအနေနဲ့ ကျောင်းသင်ခန်းစာမှပေးတဲ့ အတတ်ပညာများအပြင် သိမှတ်စရာအဖြာဖြာစာပေထဲမှာတွေ့အောင်ရှာ စာပေဖတ်ရှုလေ့လာပြု လူသားတိုင်းကိုကောင်းကျိုးပြုဆိုတဲ့ ဆောင်ပုဒ်အတိုင်း သမီးတို့ရဲ့ပတ်ဝန်း ကျင်မှာ ရှိတဲ့လူသား တွေကို ကောင်းကျိုးပြုနိုင်ရန်အတွက် စာအုပ်စာပေမှ ဗဟုသုတများ ရရှိတဲ့အတွက်ယခုလိုစာအုပ် စာစောင်များ လာရောက်ငှားရမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်း” ပြောကြားခဲ့သည်။
ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ရွေ့လျား စာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၂)ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂)ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)