ငဖဲ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဇီးတောလေးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က ဇီးတောကျေးရွာအုပ်စုမှ ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေရရှိရေးစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးမှု အခြေအနေများနှင့် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ငဖဲမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်းက ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများနှင့် ရပ်ရွာလုံခြုံရေးအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးပွားမောင်က အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)များ တိုက်ဆိုင်စိစစ်၍ စာရင်းရေးသွင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှ မိုးစပါးများစိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မီးဘေးလုံခြုံရေး စသည့် မိမိတို့၏ ဌာနလုပ်ငန်းများကိုအသီးသီး ဆွေးနွေးပြောကြားကြသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပေးစေလိုသည့်လုပ်ငန်းများနှင့် သိရှိလိုသည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်၍ ပေါင်းစပ်ညှိနှိုင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မယု (ငဖဲ)