သရက် ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက်(၉)နာရီကက အခြေခံပညာ မူလတန်းရွှေဘုံသာကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သားဖွား ဆရာမ ဒေါ်ဌေးဌေးဝင်းက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့် ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်း သော ယင်လုံအိမ်သာ သုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KG မှ Grade-5 အထိကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ ကျောင်းသူများအား သွားတိုက်ဆေးဘူး (၂၀)အား အခမဲ့ပေး ခဲ့ပြီး တစ်ဦးချင်း ကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ်များ ဖြည့်သွင်းပေးခဲ့သည်။
အလားတူ ဩဂုတ်(၁၅)ရက်မှ (၂၄)ရက်နေ့အထိ သရက်မြို့နယ်အတွင်း အခြေခံထက်/လယ်/ မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများသို့ ကျန်းမာရေး ဝန်ထမ်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)