ဖြူး ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ပြင်ပဗဟုသုတများတိုးစေရေးအတွက် အသိပညာပေးဟောပြောခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့မ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် တပ်တွင်းအလက(ခွဲ) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းနှင့် ဒုတိယဦးစီးမှူးတို့က အသိပညာတိုးပွားဖို့ စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကိုလည်းကောင်း၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်သန္တာစိုးနှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအနေဖြင့် စားသုံးရန်မသင့်သည့် အစားအစားများ၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများအကြောင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဖြူးမြို့နယ်(၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းတို့က တိုင်းရင်းဆေးအကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်များကိုပြသပေးရာ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)