ဝေါ သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ နံက်ပိုင်းက ရှမ်းကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဇီးဖြူကုန်ကျေးရွာက သစ်ဝိုင်ဘုန်းတော်ကြီးကျောင်းတို့တွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက အဖွင့်အမှာ စကားပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး၊ ရဲမှူးခင်မောင်ဆန်းက ကျေးလက်နေပြည်သူများ လုံခြုံးရေးအသိပညာပေးဆွေးနွေး ဟောပြောသည်။ ယင်းနောက်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာသီသီအေး ၊ငါးလုပ်ငန်း ဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးနိုင်၊ စက်မှုလယ်ယာဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဆန်းလှိုင် ၊မြို့နယ်သမဝါယမဦးစီးမှူး ဦးအေးလွင်၊ ဆည်မြောင်းဦးစီးဌာမှ ဦးစီးအရာရှိ သန့်ဇင်အောင်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မိုးလွင်နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခိုင်လင်းထွန်းတို့က မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသော တောင်သူကြီးများ၏ သိလိုသည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မေထုံမဲ့နွားသားဖောက်ခြင်း လက်တွေ့သရုပ်ပြသခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြက်သွန်ဖြူ ပိုးသတ်ဆေးပြုလုပ်နည်း၊ ငရုပ်သီးပိုးသတ်ဆေးရည်ပြုလုပ်နည်း၊ ဆေးရွက်ကြီးဆေးရည်ဖြင့် ပိုးသတ်ဆေးပြုလုပ်နည်း၊ သဘာဝမြေသြဇာ ပြုလုပ်နည်းပညာများအား သတွေ့သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)