ကန့်ဘလူ ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် စာပေဝါသနာရှင်များနှင့် ဆုကိုယ်ပိုင်အထက်တန်းသင်ကျောင်း တို့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လထုတ် သုတအလင်းမဂ္ဂဇင်းစာအုပ်မှ စာရေးဆရာအောင်နိုင်သူ(ဇွဲကပင်)၏ ” လူတော်လူကောင်းဖြစ်ဖို့ ဘာတွေလိုအပ်သလဲ ” ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။ ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ က လူတော်လူကောင်းဖြစ်ဖို့ ဘာတွေလိုအပ်သလဲ ဆောင်းပါးမှ လေ့လာသင်ယူမှုများဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးကို နည်းမှန်လမ်းမှန် ဖော်ထုတ်တတ်ရေး၊ ကိုယ်ရည်ကိုယ်သွေးနှင့်အတူ မိမိကိုယ်ပိုင်အရည် အချင်းကို ကိုယ်တိုင်သိရှိနားလည်ပြီး မှန်မှန်ကန်ကန်နာလည်ဖော်ထုတ်တတ်ဖို့၊ ကိုယ်ဝါသနာပါပြီး ကိုယ် ကျွမ်းကျင်ရာလုပ်ငန်းနယ်ပယ်မှာ အလုပ်လုပ်ကိုင်ခွင့်ရရှိရေး ငယ်ငယ်ကတည်းက လေ့ကျင့် ပြင်ဆင်ထားရေး၊ အခက်အခဲပြဿနာများကို ဖြေရှင်းကျော်လွှားနိုင်စွမ်းရှိခြင်းသည် လူတော်လူကောင်းဖြစ်ပေါ်စေရေးအတွက် အထောက် အကူပြုပုံတွေကို အပြန်အလှန် အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ စာပေဝါသနာရှင်များနှင့် ကျောင်းသားကျောင်းသူ ၃၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)