ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဆင်ပေါင်ဝဲ သြဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ဆင်ပေါင် ဝဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က လက်ပန်ကျေးရွာ အုပ်စု၊ ဆံတော်ရှင်မဟာပိန္နဲဘုရား ရင်ပြင်‌တော်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယခုလို တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာရေးဌာန၊စိုက်ပျိုးရေးဦးစီးဌာန၊ လယ်စီအင်းဦးစီးဌာန၊ သစ်‌တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လဝကဦးစီးဌာန၊ပြန်/ဆက်ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လျှပ်စစ် လုပ်ငန်းနှင့်စိုက်/ဘဏ်စသည့် ဌာနများမှ တာဝန်ရှိသူများက မိမိတို့၏ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြား သည်။

ထို့နောက်တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မိမိတို့ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့်လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)