ပွင့်ဖြူမြို့နယ် စွန်းကျေးရွာတွင် တတိယနှစ်စက်ဝန်း ( VRFP ) စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး

ပွင့်ဖြူ      ဩဂုတ်  ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာအုပ်စု၊ စွန်းကျေးရွာတွင် ကျေးရွာနေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ( VRFP ) စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မီမီသိုက်က ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပြန်လည်ကုစားပေးနိုင်ရေး တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတော်မှ ကျေးရွာမတည် စီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်၍ စီမံကိန်းလုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် စီမံကိန်းချေးငွေများကိုလည်း လေလွင့်ဆုံးရှုးမှု မဖြစ်စေရေး စနစ်တကျ သုံးစွဲလုပ်ကိုင်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဒုတိယဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာအုပ်စု၊ စွန်းကျေးရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် စီမံကိန်းအသင်းဝင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၂ ဦး၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ၂၁ ဦး၊ စုစုပေါင်း စီမံကိန်းအသင်းသား ဦးရေ ၅၃ ဦးအတွက် တတိယနှစ် စက်ဝန်းကျေးရွာမတည် စီမံကိန်းရန်ပုံငွေကျပ် ၂၀ ဒသမ ၆ သန်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)