ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် သင်္ဘောသီးနှံစိုက်ပျိုးတောင်သူများ ဖြစ်ထွန်းအောင်မြင်ကာ မိသားစု အပိုဝင်ငွေရရှိ

ပွင့်ဖြူ  ဩဂုတ်  ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများက ဥယျာဉ်ခြံမြေများနှင့် နေအိမ်ခြံဝန်း အတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် သင်္ဘောသီးနှံ စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းအောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် သင်္ဘောသီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

သင်္ဘောသီးနှံသည် ကျန်းမာရေးနှင့် ညီညွတ်သောသီးနှံဖြစ်၍ ပြည်သူများက အကြိုက်တွေ့ ဝယ်ယူ စားသုံးကြသဖြင့် ဈေးကွက်ရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ သင်္ဘောပင်သည် ရေဝပ်သောနေရာနှင့် ရေခြောက်သွေ့သော နေရာများတွင် စိုက်ပျိုးပါက ဖြစ်ထွန်းမှုနည်းပြီး သဲနုန်းမြေ သို့မဟုတ် နုန်းမြေများတွင် စိုက်ပျိုးပါက ပိုမိုအောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း၊ စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့် တစ်ပင် အနည်းဆုံး ၅ ပေခြား စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ခြောက်လအကြာတွင် ရောင်းတန်းဝင် သင်္ဘောသီးများကို စတင်ဆွတ်ခူးရောင်းချရကြောင်းနှင့် ဈေးနှုန်းအနေဖြင့် အလုံးကြီးပါက တစ်လုံးလျှင် ငွေကျပ် ၁၀၀၀ နှုန်း ရောင်းချရပြီး အလုံးသေးပါ တစ်လုံးလျှင် ငွေကျပ် ၇၀၀ ၊ ၈၀၀ ခန့် ရောင်းချရကြောင်း ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် သင်္ဘောသီးနှံစိုက်ပျိုးလုပ်ကိုင်သူတစ်ဦးက ပြော သည်။

သင်္ဘောသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ဂရုတစ်စိုက် ပြုစုပျိုးထောင်စိုက်ပျိုးပါက မိသားစုဝင်ငွေ တိုးပွား စေမည့် စိုက်ပျိုးလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ဒေသခံတောင်သူများက အခြားစားဖိုဆောင်သီးနှံများနှင့် တွဲဖက်ကာ သင်္ဘောသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြသဖြင့် တစ်နှစ်ထက် တစ်နှစ် သင်္ဘောသီးနှံစိုက်ပျိုးတောင်သူဦးရေ ပိုမိုများပြားလာကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )