ချောင်းဆုံ စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ပြည်သူများ ကျန်းမာရေး အသိပညာ ဗဟုသုတများသိရှိရန်နှင့် ကာကွယ်ရေး လုပ်ငန်းများကို စနစ်တကျလိုက်နာဆောင်ရွက်မှု ရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံး စာကြည့်တိုက်ခန်းမတွင် ကိုဗစ် -၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာအောင်ချမ်းငြိမ်းက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည်များကို လည်းကောင်း၊ မြို့နယ် စည်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအုန်းသန့်က မြို့နယ်အတွင်းရှိဈေးများ စားသောက်ဆိုင်များတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်အညီ ဈေးရောင်းချနေမှု အခြေအနေများအားကြီးကြပ် ဆောင်ရွက် နေမှုကိုလည်းကောင်း၊ ချောင်းဆုံမြို့နယ် ရွှေမြင့်မိုရ် နာရေးကူညီမှု အသင်းအဖွဲ့ဝင် ဦးရဲဏီလင်း နှင့်ဦးသန်းဖေတို့မှ ကိုဗစ်-၁၉ ရောဂါအခြေအနေ ဖြစ်ပေါ်လာပါက သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထူးအိမ်(ချောင်းဆုံ)