မော်လိုက် သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဌာနဆိုင်ရာများနှင့်လူထုတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက တိန်းသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူထုတွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက မိမိဌာနများအလိုက် ပြည်သူများနှင့်မြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်နေမှုတို့အား ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာပြည်သူများက မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များအား တင်ပြခဲ့ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်သည့် အဖွဲ့သည် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းမြင့်တို့နှင့်အတူ ဝါးရုံကုန်းကျေးရွာ ကုန်ထုတ်လမ်းပေါ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ( ၅၂ ဒဿမ ၇၆၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် ကလေးသားကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အရှည် ပေ(၂၀) လမ်း အကျယ် (၁၈)ပေရှိ ကွန်ကရစ်တံတား တစ်စင်းတည်ဆောက် နေမှုတို့အား သွားရောက်ကြည့် ရှုစစ် ဆေးခဲ့ကြပြီး ကုမ္ပဏီတာဝန်ခံများနှင့် တွေ့ဆုံကာ တံတားအရည်အသွေး ကောင်းမွန်ရေးနှင့် အသုံးပြုသည့် ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးတို့ကို အလေးထားဆောင်ရွက် ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး