စလင်း သြဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀မိနစ် အချိန်က စာစီကျောင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ကျန်းမာရေးဌာနမှ ဆရာမများနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ အသိပညာပေးဟောပြောခဲ့ကြသည်။
ထိုသို့ဟောပြောပွဲဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ဆရာမဒေါ်သင်းသင်းမွှေးမှ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် အဘိတ်ဆေးခတ်ခြင်းနှင့် လူနေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များ နားလည်သဘောပေါက်လွယ်အောင် ရှင်းလင်းတင်ပြရာ မိမိတို့နေအိမ်များ၌ ရေသိုလှောင်ကန်များ၊ ရေစည်များနှင့် ဘုရားပန်းအိုးများတွင် ခြင်မှတစ်ဆင့် ပေါက်ပွားလာသည့် ပိုးလောက်လန်းများ မရှိစေရန်အတွက် ကြိုတင်ကာကွယ်နည်းလမ်းများ ကြိုတင်ကာကွယ်နိုင်ပြီး ခြင်ပေါက်ဖွားနှုန်းကို ကျဆင်းနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များ တက်ရောက်ကြကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)