ဘားအံ ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား e-ID စနစ်ဖြင့် Software Program ရိုက်သွင်းခြင်းလုပ်ငန်းကို ကရင်ပြည်နယ် လွှတ်တော်ရုံးတွင် ၁၈-၇-၂၀၂၂ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာယနေ့နံနက်ပိုင်းက ဘားအံ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်လွင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်ဦးဆောင်မှုဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ပြီး ပြည်နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်း အချက် အလက်များကို အခြေခံကာ အခြေခံဆန္ဒမဲစာရင်း ပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိရန် လိုအပ်လျှင် သော်လည်းကောင်း၊ တိကျမှန်ကန်သော အထောက်အထားများကို အမြန်ဆုံးသိရှိနိုင်ရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းရိုက်ကူးရခြင်းဖြစ်ပြီး အဆိုပါအိမ်ထောင်စု လူဦးရေစာရင်း ပုံစံရေးသွင်းရာတွင် ကန့်သတ်ကာလများအလိုက် ထည့်သွင်းရိုက်ကူးရခြင်းဖြစ်ပြီး လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှ ကွန်ပျူတာကျွမ်းကျင်သူ ဝန်ထမ်း (၆၅)ဦးက ကွန်ပျူတာ(၆၅)လုံးဖြင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ရိုက်ကူးနေခြင်းဖြစ်ပြီး ယနေ့အထိ (၂၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား e-ID စနစ်ဖြင့် Software Program ရိုက်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဝန်ထမ်းများအား ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြားကာ အအေးကတ်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)