ပဲခူး ဩဂုတ် ၁၂
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ ကျောင်းများတွင် ဆေးခြောက်ထည့်သွင်းထားသော ဆေးဝါးနှင့် စားသောက်ကုန်များအား ကျောင်းများတွင် ရောင်းချခြင်းမှ ကာကွယ်တားတီးနိုင်ရေးဟူသော ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်း က ပဲခူးမြို့ပေါ်ရှိ အ.ထ.က (၁)၊ အ.ထ.က (၂) အ.ထ.က (၃)ကျောင်းများရှိ ဈေးဆိုင်များနှင့် ပဲခူးမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာသို့ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ တွဲဘက်အတွင်းရေးမှူး၊ အမှတ် (၃၆) မူးယစ်တပ်ဖွဲ့စုမှ ရဲမှူးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဆေးခြောက်ထည့်သွင်းထားသည့် ဆေးဝါးနှင့်စားသောက်ကုန်များအား ကလေးအစားအစာများတွင် ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အလားတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း စီမံချက်ပါအတိုင်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)