ငွေဆောင် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊၊ ငွေဆောင်မြို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့ရုံး ဦးစီးမှူး ဦးသက်ခိုင်သည် ငွေဆောင်မြို့၊ ကျောက်ဖျာ ကျေးရွာအုပ်စု အတွင်းရှိကျေးရွာများတွင် ယနေ့နံနက်(၇)နာရီက ကျေးရွာရှိပြည်သူများအား သစ္စာစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖျာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများအား စာရင်းကောက်ယူခြင်း၊ စစ်ဆေးခြင်းများပြုလုပ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ပေးခဲ့သည်။
ငွေဆောင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစ၍ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ရပ်ကွက်(၂)ခုနှင့် ကျေးရွာ အုပ်စု(၃)စုရှိ လူဦးရေ(၂၇၇) ဦးအား နိုင်ငံသားစိစစ် ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး ကျန်ရှိနေသည့် အခြား ရပ်ကွက်/ကျေးရွာများ၌လည်း ဆက်လက်ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာမြို့ရုံး ဦးစီးမှူး ဦးသက်ခိုင်ထံမှ သိရသည်။
မူမူသွင်(ပြန်/ဆက်)