ပလောက် ဩဂုတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၂ -၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားသောဧက(၁၅၄၉၈)ဧကရှိရာ ဩဂုတ်လ ဒုတိယပတ်အထိ (၁၅၅၀၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးထံမှသိရသည်။
ပလောက်မြို့အတွင်း ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ လျာထားဧကများအား စတင်စိုက်ပျိုးရာတွင် ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက တောင်သူများစားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများတိုးပွားလာစေရေး၊ စိုက်ပျိုးထုတ်လုပ် အရည်အသွေးကောင်းမွန်ပြီး ပြည်ပဈေးကွက်များတိုးချဲ့လာနိုင်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုနှစ်မိုးစပါးစိုက်ဧကများအတွက် ထွက်နှုန်းကောင်းမျိုးများနှင့် အရည်အသွေးကောင်းမျိုးများကို စနစ်တကျပျိုးထောင်စိုက်ပျိုးခြင်းအား (၂၂၁၄)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး မျိုးစေ့ချကိရိယာ ဖြင့်လည်းစိုက်ပျိုးခဲ့ကြောင်း၊ ပိုးမွှားရောဂါကျရောက်မှုနှင့် သဘာဝဘေးအန္တရာယ်ဖျက်ဆီးမှုမှ ကာကွယ်နိုင်ရန် စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကိုလည်း အချိန်ကိုက်အချိုးကျထည့်သွင်းနိုင်ရေးအတွက်လည်း တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးဦးသော်ဇင်ထွန်းထံမှ သိရသည်။
ပြည့်ဖြိုးကျော်