ဘုရားသုံးဆူမြို့တွင် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

ဘုရားသုံးဆူ သြဂုတ် ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကရင်တိုင်းရင်းသားတို့၏ရိုးရာ ဝါခေါင်လချည် ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှကြီးမှူး၍ ဘုရားသုံးဆူမြို့ အမှတ်(၃)ရပ်ကွက်ရှိ ထောမဲ့ပါဓမ္မဗိမာန်‌တော်ကြီး၌ယနေ့နံနက် ၈ နာရီချိန်တွင် အခမ်းအနား စတင်ကျင်းပခဲ့သည်။

ကရင်တိုင်းရင်းသားတို့၏ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌမှ ချည်ဖြူဖွဲ့မင်္ဂလာအကြောင်းကို အဖွင့်အမှာစကားပြောကြားပြီး၊ ကရင်လူငယ်မောင်မယ်များမှ  ချည်ဖြူဖွဲ့မင်္ဂလာတွင် ချည်ဖြူအင်္ဂါရပ် (၇) ဖြစ်သည့် ကောက်ညှင်း(ပျားရည်ထုပ်)၊ နတ်ပန်း ညိုပန်း၊ သပြေခတ်၊ ကြံနှင့်ရေစသည့် ချည်ဖြူအင်္ဂါရပ်ပါဝင်ပစ္စည်းများ၏ ရည်ရွယ်ချက်များကို ပိုးကရင် ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရှင်းလင်းပြောကြားပြီး ချည်ဖြူဖွဲ့ရန်အတွက် ဘိုးဘွားမောင်နှံ (၇)တွဲတို့မှ ရိုးရာဓလေ့အရ ပလူးလား ဝိဉာဉ်ခုနှစ်ဖော်ကိုခေါ်ဆောင်ကာ  ရိုးရာဓလေ့အရ ချည်ဖြူဖွဲ့အခမ်းအနားကို စတင်သည်။ ထို့နောက် ကြွရောက်လာသောဧည့်ပရိတ်သတ်များအား ကရင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဒုံးအကနှင့်ချည်ဖြူဖွဲ့တေးသီချင်းများကို ဖျော်ဖြေပေးခဲ့ပြီး နေ့လယ် ၁၂ နာရီအချိန်တွင် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားအား အောင်မြင်စွာပြီး‌မြောက်ခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)