ဒေးဒရဲ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်း၍ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ သည်။ ဆက်လက်ပြီး စာရေးဆရာ မြင်းခြံကျော်အောင် ရေးသားသည့် ကြီးပွားအောင်မြင် အောင်ပန်းကိုဆင် စာအုပ်ပါ အသိလိမ္မာဖြင့် ကျော်စောခြင်းဆောင်းပါးနှင့် ယဥ်ကျေးသိမ်မွေ့စေရန် ပြုပြင်နည်းဆောင်းပါးများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် စာပေချစ်သူများက အပြန်အလှန် ဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပခြင်း၊ အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေး Talk Show များကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း