လှိုင်းဘွဲ ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာအတွင်းရှိကွင်း အမှတ်-၁၄၁၈ (ဃ)၌ တောင်သူ ဒေါ်နော်ဝင်းကြည်နှင့် ဒေါ်နော်မူထူးတို့၏ လယ်မြေ (၂၀) ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံမှ မျိုးစေ့ထုတ် (RS-CS) ဆင်းသုခစပါးမျိုးကို နောင်နှစ်များတွင် မျိုးစပါးအခက်အခဲမရှိစေရေးအတွက် မျိုးစပါးထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးခဲ့ကြကြောင်း တောင်သူများထံမှ သိရသည်။
ဆင်းသုခ (RS)မျိုးစပါးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ်၊ မိုးစပါးစိုက်ပျိုးရမည့် ကာလများ၌ တောင်သူများအား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး မျိုးသန့်၊ မျိုးစပါးများရရှိနိုင်ရန် အတွက် ယခုနှစ်မိုးစပါးစိုက်ကာလတွင် လယ်ပိုင်ရှင်များက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်း များ ရှင်းပြသည့် မျိုးစပါးထုတ်ယူနိုင်ရေးနည်းစနစ်များတွင် ပါဝင်သည့် မျိုးစပါးပျိုးသက် (၂၅) ရက်သားအရွယ်တွင် ထယ်ထိုးထွန်မွှေထားပြီးသော လယ်မြေပေါ်၌ (၆) တန်း (၁) တန်းလှပ် စနစ်ဖြင့် တောင်သူများက စိုက်ပျိုးကြကြောင်း၊ စပါးပျိုးပင်တစ်ပင်နှင့် တစ်ပင်အကွာအဝေးမှာ (၈) လက်မရှိကြောင်း၊ (၁) တန်းလှပ်ထားရသည့် ရည်ရွယ်ချက်များမှာ လူဝင်ထွက်၍ရပြီး ပေါင်းမြက် ရှင်းနိုင်ရန်၊ မျိုးကွဲပယ်၍ ရနိုင်ရန်နှင့် သွင်းအားစုမြေဩဇာများ ထည့်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထွက်ရှိလာသော မျိုးသန့်စပါးမျိုးများကို တောင်သူအချင်းချင်းက စိုက်ပျိုးလိုသော ဒေသအတွင်းရှိ တောင်သူများအား ဆက်လက်ဖြန့်ဖြူးရောင်းချပေးနိုင်ရန်အတွက် ဆင်းသုခမျိုးစပါးကို တောင်သူများက စိုက်ပျိုးလုပ်ကိုင်နေလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်နိုင်ဦးက ရှင်းပြခဲ့သည်။
လင်းသန့်(ပြန်/ဆက်)