သရက်ချောင်း သြဂုတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဦးဇေယျာဌေးနှင့် ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲတွင် (အ.ထ.က) သရက်ချောင်း (က) အသင်းနှင့် (အ.ထ.က) သရက်ချောင်း (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားရာ (အ.ထ.က) သရက်ချောင်း (ခ) အသင်းက ၇ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုနှင့် ဒုတိယဆု ရရှိသော အသင်းများအား တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း၊ ငွေသားဆုများကိုလည်းကောင်း၊ တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ဆုရရှိသော အသင်းများကို သရက်ချောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များက ထပ်ဆင့်ဂုဏ်ပြုငွေသားဆုငွေများကိုလည်းကောင်း၊ ပြိုင်ပွဲတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သော ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုငွေသားများကို လည်း အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)