ပေါက်ခေါင်း ဩဂုတ် ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ဆောင်ရွက်မည့် လျာထားကျေးရွာများနှင့် ပတ်သက်၍ မြို့နယ်ဌာနဆိုင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်-၂ ဦးမြင့်ဌေးတို့က အမှာစကားများ ပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် ကိစ္စများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကျေးရွာများနှင့် လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အတွက် နေကြာဦးစားပေး စိုက်ပျိုးသည့် ဝက်တိုးကျေးရွာနှင့် ချောင်းကျိုးကျေးရွာ နှစ်ရွာကို လျာထားခဲ့ပြီး၊ (VDP) စီမံကိန်းဖြင့် ဆောင်ရွက်မည့် လျာထားကျေးရွာ (၅)ရွာမှာ ပိတောက်ကျော(န)၊ ရသေ့ကျေးရွာ၊ ရှားစီးဖိုကျေးရွာ၊ ချောင်းခြားကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့ဖြစ်ပြီး၊ စီမံကိန်းကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်(၁၀) သန်းစီ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လျာထားကျေးရွာများ ညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)