ထန်းတပင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ထန်းတပင်(ပဲခူး) သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆွေးနွေးပွဲကို မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြို့ပင်သာကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆည်မြောင်းနှင့်‌ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်သူအောင်က ဆည်မြောင်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ရှင်းသန့်လွင်က‌ဆွေးနွေးပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး နှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရန် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရေး၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း မိဘပြည်သူများအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ ဒေါ်ခိုင်ဇာသွယ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)