သာယာဝတီ ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားရာ၌ သာယာဝတီမြို့နယ်နေ ပြည်သူများနှင့် မိသားစုဝင်များအား တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိစေမည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်တတ်စေရန်၊ လူသုံးကုန်ပစ္စည်းများတွင် ပါဝင်သော ဓာတုပစ္စည်းများအကြောင်း နားလည်စေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် နည်းစနစ်များအပေါ် အခြေခံပြီး မိမိနိုင်ငံမှထွက်ရှိသည့် ကုန်ကြမ်းကို နည်းပညာများဖြင့် ပေါင်းစပ်၍ တစ်နိုင်တစ်ပိုင်စီးပွားဖြစ် လုပ်ကိုင်နိုင်သည့် အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်နှင့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးဖြိုးအောင်တို့က သင်တန်းဆင်း ထုတ်ကုန်များကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်၀မ်းမြောက်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ဆပ်ပြာအဆီအမျိုးမျိုး၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ပယင်းဆပ်ပြာခဲ၊ နနွင်းဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် အမျိုးမျိုးထုတ်လုပ်နည်းများကို ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဩဂုတ်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ စာတွေ့လက်တွေ့ (၅)ရက်ကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသားစုစုပေါင်း (၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)