မြဝတီ သြဂုတ် ၁၂
ကရင်အမျိုးသားတို့၏ မြတ်နိုးဂုဏ်ယူ တန်ဖိုးထားသော ကရင်ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့်ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ (လက်ချည်)မင်္ဂလာပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်အမျိုးသား ထာဝရနှစ်သစ်ကူးကွင်းတွင် ယမန်နေ့နံနက် ၉ နာရီကစည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဘာပတိကြီးက အဖွင့်အမှာစကား ပြောကြားရာ ကရင်တိုင်းရင်းသားတို့၏ ချည်ဖြူဖွဲ့မင်္ဂလာဟာ အချင်းချင်းပြန်လည်တွေ့ဆုံခြင်းဖြင့် ချစ်ခင်စည်းလုံးမှု တိုးတက်စေခြင်း၊ သားသမီးမြေးမြစ်တို့က မိဘဘိုးဘွားများအား ကျွေးမွေးပူဇော်ကန်တော့ခွင့်ရခြင်း၊ မိဘဘိုးဘွားများက သားသမီးမြေးမြစ်များ၏ ကိုယ်တွင်းကိုယ်ပ မကောင်းဆိုးဝါးများ မကပ်ငြိနိုင်စေရန် ဆုးတောင်းပေးခြင်း၊ တစ်ပျော်တစ်ပါးလက်ရည် တစ်ပြင်တည်း စားသောက်ကြခြင်းတို့အပြင် ချည်ဖြူဖွဲ့မင်္ဂလာ၏ ချမ်းမြေ့ကြည်နူးခြင်းနှင့် အေးချမ်း သာယာခြင်းတို့ကို ဖော်ညွှန်းနေပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း ဂုဏ်ထူးဆောင် နာယက အမှတ် (၁၀၂၂)နယ်ခြားစောင့်တပ် တပ်မှူး ဗိုလ်မှူး စောမုတ်သုန်က အမှာစကားပြောကြားပြီး ထာဝရ ကရင်နှစ်သစ်ကူးကွင်း ခန်းမဆောင် အပြီးသတ်ဆောက်လုပ်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက လက်ခံရ ယူသည်။
ယင်းနောက် ချည်ဖြူဖွဲ့(လက်ချည်)မင်္ဂလာဖြစ်ပေါ်လာပုံစာတမ်းအား ပိုးကရင်၊စကောကရင်ဘာသာဖြင့် ဖတ်ကြားခြင်း၊ မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းကြီးတွင် တည်ထောင်ခဲ့သော ဂုစ်ထူးဆောင်နာ ယကကြီးများနှင့် အသင်းကြီးတွင် အဆက်ဆက်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ချည်ဖြူဖွဲ့ (လက်ချည်) မင်္ဂလာအခမ်းအနားကျင်းပရေးအတွက် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ၂၀၂၁ -၂၀၂၂ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကရင်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း၊ ကျင်းပရေးကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြား ခြင်းတို့ကို ဆောင်ရွက်သည်။
ဆက်လက်ပြီး ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာတေးသီချင်းဖြင့် ချည်ဖြူဖွဲ့(လက်ချည်)မင်္ဂလာအခမ်းအနား ဖွင့်လှစ်ပေးပြီး ကရင်အဘိုး အဘွားများက ချည်ဖြူဖွဲ့(လက်ချည်)ရန်ဆုတောင်းရွတ်ဖတ်ပေးခြင်းနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်ပရိတ်သတ်များ၊ ကရင်အမျိုးသားများက ချည်ဖြူဖွဲ့ ခံယူခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)