ကျိုင်းတုံ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင် က ကျောင်းကျန်းမာရေးလုပ်ငန်းများ အရေးပါပုံနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးနှင့်ကျန်းမာရေး ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးသွားစေရန်၊ သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များ ဖြစ်ထွန်းလာစေရေး ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စည်သူအောင်နှင့် ပြည်နယ်ပညာရေးမှူး(ရုံးခွဲ)ကျိုင်းတုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ချို တို့က ကျောင်းကျန်းမာရေးသီတင်းပတ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး မူလတန်း ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးပြခန်းတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)