ဟင်္သာတ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် နတ်မော်အုပ်စု ပြာကတတ်ကျေးရွာရှိ ဟင်္သာတ နည်းပညာတက္ကသိုလ်တွင် မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာနှင့်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်း ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ စိုးမိုးထွန်းမှ ဟောပြောပွဲ ကျင်းပပြုလုပ် ရခြင်း ရည်ရွယ်ချက်များကို အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပြီး ဟင်္သာတမြို့မ စခန်းမှူး ဒုရဲမှူး သန်းဇော်ဦးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအန္တရာယ်များ အကြောင်း၊ မူးယစ် ဆေးဝါး၏ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း ဟောပြောခဲ့ပြီး အမှတ် ၈၄ ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှူး ဒုရဲမှူး သက်နိုင်ဦးမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များ၊ လိုက်နာရန် အချက်များကို အသိပညာပေးဟောပြောခြင်း၊ ခရိုင်ကညနဦးစီးမှူးရုံးမှ ယာဉ်မှုစစ် ဦးကျော်ဇေယျာထွန်းမှ ယာဉ်အန္တရာယ် လမ်းအန္တရာယ်များအကြောင်း အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ပြီး ဒေါက်တာ စိုးမိုးထွန်းမှ အခမ်းအနားတွင် အသိပညာပေးခြင်းနှင့် ဟောပြောပေးသူ များအား အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ