ပုသိမ် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Myanmar CP LIVESTOKE Co.,Ltd တို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Programme) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ပုသိမ်မြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်မှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်းက အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများ အာဟာရပြည့်ဝသည့် အစားအစာ များ စားသောက်ခြင်းဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်း ကျန်းမာခြင်းများ ရရှိစေမည် ဖြစ်ပါကြောင်း၊ အာဟာရပြည့်ဝသည့် နွားနို့သောက်သုံးခြင်း အလေ့အကျင့်ကောင်များ ရရှိစေဖို့အတွက် ကျောင်းနေအရွယ် ကလေးငယ်များအား နွားနို့တိုက်ကျွေးခြင်း (School Milk Programme) အစီအစဉ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အသက်အရွယ်မရွေး ကောင်းမွန် သန့်စင်သည့်နို့ကို သောက်သုံးနိုင်မည်ဆိုပါက ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်များ ရရှိနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်မှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား နွားနို့နှင့်ကြက်ဥများကို တိုက်ကျွေးခဲ့ကြ သည်။ အခမ်းအနားသို့ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုသိမ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကို၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)