ပေါင်းတည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ပေါင်းတည် သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အ.ထ.က မင်းကွက်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးအေးကျော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာသန်းသန်းချစ်က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအကြောင်းနှင့် ပြိုင်ပွဲအစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သွားတိုက်၊ လက်ဆေးနှင့် အာဟာရပြိုင်ပွဲများ ပြုလုပ်ခဲ့ရာ ကျောင်းသားကျောင်းသူလေးများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ပန်းချီကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုအသီးသီး ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသားကျောင်းသူလေးများအား ကျန်းမာရေးစစ်ဆေးပြီး သံဓာတ်အားဆေးနှင့် သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)