ကြံခင်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် UNFPA တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော "မိခင်ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်းများအတွက် ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးကူညီခြင်းစီမံချက်” မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီ အချိန်က မြတ်ဒါနစေတနာဆေးခန်း အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုမိခင် ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်း ကူညီခြင်းစီမံချက် ဆောင်ရွက်ခြင်းဖြင့် မိသားစုဘဝများအတွက် များစွာအထောက်အကူဖြစ်ကြောင်း ပြောကြားပြီးနောက် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဆွေမှ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်မှ ပြည်သူ များအတွက် ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး အတွက် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း အဖွဲ့များဖြင့် မိမိတို့မြို့ရွာ အထောက်အကူ ရရှိအောင် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထိုနောက် ကြံခင်းမြို့ မြတ်ဒါနဆေးခန်းကော်မတီဝင် ဦးစိုးမြင့်မှ မြတ်ဒါနဆေးခန်းစတင် ဖွင့်လှစ်နိုင်မှု၊ ရေရှည်တည်တံ့အောင် ဆောင်ရွက်ရမည့် မျှော်မှန်းဆောင်ရွက်ချက်များ၊ ဖွင့်လှစ် ကုသ ဆောင်ရွက်မှုအား ရှင်းလင်းပြောကြားပြီးနောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ စီမံချက်မန်နေဂျာ ဒေါက်တာတင်မောင်ထွေး က မိခင်နှင့်ကလေးများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလက်လှမ်းမီ ခံစားနိုင်ရေးအား ရည်ရွယ်ကြောင်း၊ စီမံချက်၏ ရည်မှန်းချက် (၃)ခုနှင့် ဖြစ်ပေါ်လာပုံအားလည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကြံခင်းမြို့နယ်အတွင်းရှိ လူမှုရေးအသင်းများလိုအပ်သလို အသုံးပြုနိုင်ရန်လူနာ သယ်ဆောင်နိုင် ရန် (Stretcher) တစ်ခုစီအား ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခြင်း၊ ကြံခင်းမြို့နယ် မြတ်ဗုဒ္ဓမြတ်ဓမ္မစာကြည့်တိုက်အား ပြည်သူ့ကျန်းမာရေးဒုတိယဥက္ကဋ္ဌမှ စာအုပ်မျိုးစုံအား ပေးအပ်လှုဒါန်းခြင်း၊ ရန်ကုန်မြို့နေ ဒေါ်တင်တင်ထွေးမှ မြတ်ဒါနဆေးခန်းတွင် ဆေးဝါးကုသိုလ်ဒါနအလှုအဖြစ် ငွေကျပ်တစ်သိန်း အား လှူဒါန်းကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)