ကသာ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ဖြစ်သည့် ဩဂုတ်လ(ဒုတိယပတ်)တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်း အခမ်းအနားတွင် ကသာခရိုင် ဆေးရုံးအုပ်ကြီး ဒေါက်တာစိုးသူအန်းက သန်ချဆေးတိုက်ကျွေးရခြင်း အကြောင်းနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူမိုးသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းတို့က သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြသည်။
ခရိုင်အဆင့်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်းသား/ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးပေးရာတို့တွင် လိုအပ်သည်များကို ကူညီဆောက်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)