မင်းဘူးမြို့ မန်းရေနံမြေမှ ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် ဆေးရုံသုံးပစ္စည်းများနှင့် စာကြည့်တိုက် နှစ်တိုက်အတွက် သုတ/ရသစာအုပ်များ လှူဒါန်း

မင်းဘူး စက်တင်ဘာ  ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း၊ မင်းဘူးမြို့ မန်းရေနံမြေမှ ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် ဆေးရုံသုံး ပစ္စည်းများနှင့် စာကြည့်တိုက်နှစ်တိုက်အတွက် သုတ/ရသ စာအုပ်များကို  ယမန်နေ့နံနက် ပိုင်းက သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့မန်းရေနံမြေမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း CSR ရန်ပုံငွေဖြင့် ပြည်သူ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် အမှန် တကယ်လိုအပ်သော ဆေးရုံသုံးပစ္စည်းများဖြစ်သည့် ငွေကျပ် (၉၆) သိန်းကျော်တန်ဖိုးရှိ Portable X-Ray စက်နှင့် Infusion Pump တို့ကိုလည်းကောင်း၊ မင်းဘူးမြို့ရှိ ဦးဩဘာသ စာကြည့်တိုက်နှင့် စကုမြို့ရှိ ပညာဘဏ်စာကြည့်တိုက် တို့အတွက် ငွေကျပ် သိန်း(၂၀) တန်ဖိုးရှိ သုတ/ရသ စာအုပ်များကိုလည်းကောင်း  ဝယ်ယူလှူဒါန်းပေးအပ်ခဲ့ကြသည်။ 

ထိုသို့ လှူဒါန်းပေးအပ်ရာတွင် မင်းဘူးမြို့မန်းရေနံမြေမှ အထွေထွေမန်နေဂျာ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက သွားရောက် လှူဒါန်းပေးခဲ့ကြပြီး စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေကျပ် (၁၁၆) သိန်းကျော် တန်ဖိုးရှိကြောင်း မင်းဘူးမြို့မန်းရေနံမြေရုံးမှ သိရှိရသည်။

မောင်မောင်(မင်းဘူး)