ဒေးဒရဲ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် လူထုပါဝင်မှုဖြင့် လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေး ခတ်ခြင်း၊ အမှိုက်နှင့် ချုံနွယ်များ ရှင်းလင်းခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စတင်၍ ကျေးရွာများအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အဖွဲ့များခွဲ၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများရှိ နေအိမ်များ၊ ဌာနဆိုင်ရာ ရုံးများအတွင်း အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်း နိုင်သည့် နေရာများအားရှင်းလင်းခြင်း၊ စာသင်ကျောင်းများတွင် ကျောင်းကော်မတီ အဖွဲ့များနှင့် ပူးပေါင်းပြီး စာသင်ခန်းများနှင့် ကျောင်းဝန်း အတွင်း ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေဝင်နိုင် သည့် အိုးခြမ်းပဲ့၊ တာယာကွင်း စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနက သိရသည်။
အေဇာလင်း