လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံအရှေ့အောင်မြေသာယာလမ်းအား ကွန်ကရစ်လမ်းအသစ်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

လှိုင်းဘွဲ  ဩဂုတ် ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပစေရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ ပြည်သူများအပန်းဖြေအနားယူနိုင်ရန်အတွက် ပြည်သူ့ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့ကို  ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံဝင်း အရှေ့အောင်မြေ သာယာလမ်းအား ကွန်ကရစ်လမ်း အသစ်ပြန်လည်ခင်းပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါပြည်သူ့ဆေးရုံဝင်းအရှေ့လမ်းမှာ ယခင်ကွန်ကရစ်လမ်းအဟောင်းရှိခဲ့ပြီး လမ်းအကျယ်ကျဉ်းခြင်း၊ မိုးရာသီရေကြီးနှစ်မြုပ်ဒဏ်ခံရခြင်း၊ နှစ်ကာလကြာမြင့်လာခြင်းများကြောင့် ကွန်ကရစ်လမ်း အသစ်ပြန်လည်ပြုပြင်ခင်းပေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ  (၄၀ ဒဿမ ၃၄၀)ကျပ်သန်းဖြင့်  လမ်းအရှည်(၁၀၅၀)ပေ၊ အကျယ် (၁၄) ပေ၊ ထု(၆) လက်မရှိကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)