မြိတ် ဩဂုတ် ၁၂
မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် အထိမ်းအမှတ် စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့် နံရံကပ်စာစောင်ပြိုင်ပွဲများ တွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် လူမှောင်ခိုနှင့် လူကုန်ကူးအဓိပ္ပာယ်၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူကုန်ကူးဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သူများ၊ ဆိုးကျိုးများ၊ သတိပြုရှောင်ရှားရန်အချက်များ အသိပညာပေးခြင်းနှင့်အတူ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဥပဒေ၊ နည်းဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်းကို တာဝန်ရှိသူများက ကျောင်းသား/သူအား Power Point ဖြင့် အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြသည်။
“လက်ရှိမှာ လူကြီးလူငယ်တချို့က နိုင်ငံတကာကို ထွက်ပြီးအလုပ်လုပ်နေကြတယ်။ အဲဒီအချိန်မှာ နည်းမှန် လမ်းမှန်မဟုတ်ဘဲနဲ့ သွားတဲ့အခါမှာ အန္တရာယ်နဲ့ကြုံတွေ့နိုင်မှာ စိုးတဲ့အတွက် လူကုန်ကူးမှုသားကောင် မဖြစ်စေရေး၊ ဒုတိယတစ်ချက်က လူငယ်တွေက တက်ကြွတယ်၊ သိချင်တယ်၊ စူးစမ်းချင်စိတ်ရှိတယ်။ အဲဒီအခါမှာ မူးယစ်ဆေးဝါးကို သုံးစွဲမိပြီး လမ်းမှားမရောက်စေရေး၊ နောက်တစ်ချက်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာနိုင်စေရေးနှင့် အန္တရာယ်မဖြစ်စေရေးတို့အတွက် အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ပြောသည်။
အသိပညာပေးဟောပြောပွဲတွင် မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားပြီး အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မြိတ်)မှ တပ်ဖွဲ့စိတ်မှူးဒုရဲမှူး ကျော်ဝင်းသန်းက လူကုန်ကူးမှုအန္တရာယ်အကြောင်းကိုလည်းကောင်း၊ အမှတ်(၃၅) မူးယစ်တပ်ဖွဲ့စု(မြိတ်)မှ တပ်ဖွဲ့စုမှူး ရဲမှူးဆန်းညွန့်အောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ အမှတ်(၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြိတ်) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်နိုင်လင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းကို လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ဆရာ/မများနှင့် ကျောင်းသား/သူများအား အသိပညာပေး ဟောပြောပေးကြသူများအား ပါမောက္ခချုပ်က အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့် နံရံကပ်စာစောင်များတွင် ဆုရရှိသူများကို ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)