မြိတ်မြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

မြိတ်   ဩဂုတ်   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြတ်မြို့တွင်ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း(၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် အမှတ်(၁)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ် (မြိတ်)မှ ကြီးမှူးဖွင့်လှစ်ခဲ့သည်။

သင်တန်းကို ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်တွေအတွက် လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်၊ လူကုန်ကူးခံရသူဖြစ်ကြောင်း ကနဦးစိစစ် သတ်မှတ်နိုင်ရန်နှင့် လူကုန်ကူးမှုစိစစ်ဖော် ထုတ်သည့် မှတ်တမ်းများကို စနစ်တကျအသုံးပြုတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း  သိရသည်။

သင်တန်းတွင်လူကုန်ကူးမှုများဖြစ်ပေါ်လာခြင်းနှင့် တွန်းအား/ဆွဲအားများ၊  လူကုန်ကူးမှု၊ လူမှောင် ခိုမှု၊ တရားမဝင်ရွှေ့ပြောင်း သွားလာမှုခြားနားချက်များ၊   ကမ္ဘာနှင့်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှုများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများနှင့် လူကုန်ကူးခံရသူ၏ အခွင့်အရေးများ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ်နှင့်လူကုန် ကူးခံရသူများ၏အရေးပါမှု၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေနှင့် လူကုန်ကူးခံရသူဖြစ်ကြောင်း စိစစ်ဖော်ထုတ်ခြင်း၊ လူကုန်ကူးမှု ဖြစ်စဉ်(၃)ဆင့်နှင့်စိစစ်ဖော်ထုတ်ရေးပုံစံများအသုံးပြုခြင်း၊ တွေ့ဆုံမေးမြန်းမှုပုံစံများ၊ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ တားဆီးနှိမ်နင်းခြင်း၊ ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းနှင့်သက်သေခံပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ စသည့် သင်ခန်းစာများကို သင်တန်းကာလ ဩဂုတ်(၁၂)ရက်မှ (၁၄)ရက်အထိ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မြိတ်)မှ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး ကျော်ဝင်းသန်းနှင့် တာဝန်ရှိသူများက ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ငွေစိုးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီးသင်တန်း စတင်ပို့ချခဲ့သည်။ သင်တန်းဖွင့်ပွဲသို့ မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းကို ရပ်ကွက်/ကျေးရွာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်(၃၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက် )