သဲကုန်း ဩဂုတ် ၁၂
မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ကြီးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၉နာရီက အ.မ.က တပ်ရွာကျောင်း၌ ကျောင်းသားကျောင်းသူများနှင့် သီတဂူတပ်အလယ်ဘုန်းတော်ကြီးကျောင်းမှ ကိုရင်သာမဏေများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.မ.က တပ်ရွာမှ ကျောင်းသား ကျောင်းသူ(၁၀၅)ဦး၊ သီတဂူတပ်အလယ်ဘုန်းတော်ကြီးကျောင်းမှ ကိုရင်(၄၈)ပါးအား ကျန်းမာရေးစစ်ဆေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် ပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယပတ်တွင် ၅ နှစ်အောက် ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါပပျောက်ရေးလုပ်ငန်းများကို ရက်သတ္တပတ်အလိုက် လှုပ်ရှားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝင့်နန္ဒာဌေး