ဆိပ်ဖြူ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကိုဗစ် ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ဒုတိယ အကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပေးအပ် သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံး အပြောင်း အလဲများဖြင့် တိုးတက်ဖွံ့ဖြိုးနိုင်ရေးအတွက် ကာလတိုစီမံချက်ဖြစ်သည့် ကိုဗစ် -၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ တစ်နိုင်ငံလုံး၌ မိုးစပါးမျိုးစေ့ထုတ် ဧကများစွာ စိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ရာ ဆိပ်ဖြူမြို့နယ် အတွင်း၌ မိုးစပါးမျိုးစေ့ထုတ် ဧကစုစုပေါင်း (၄၉၀) ဧကအတွက် ဒုတိယအကြိမ် တစ်ဧကလျှင်(၆၅၀၀၀/-)နှုန်းဖြင့် မျိုးစေ့ထုတ်တောင်သူ (၃၆၀) ဦးကို မျိုးကွဲပယ်ခြင်း၊ပေါင်းနုတ်ခြင်းနှင့် ရိတ်သိမ်းခြင်း၊ ခြွေလှေ့သန့်စင်ခြင်းအတွက် စုစုပေါင်းငွေကျပ် (၃၁၈၅၀၀၀၀/-)အား တောင်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်မင်းနိုင်ထံမှ သိရသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျေးရွာ (၃၅)ရွာ၊ ကျေးရွာအုပ်စု(၂၀)စုမှ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့် အညီ စနစ်တကျထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် ထားရှိပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမျိုး (ယောဧရာ)