စုကလိ သြဂုတ် ၁၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ဒေသတွင်းစီးပွားရေး တစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ရာကြရာတွင် ယနေ့ခေတ်နှင့်အညီ ရွက်သီးမျိုးများ စတင်စိုက်ပျိုးလာကြပြီဖြစ်သည်။
စုကလိမြို့တွင် ဝဥစိုက်ပျိုးသူများအနေဖြင့်၊ ရွက်သီးမျိုးများအား ယခုနှစ်မှစတင်၍ စိုက်ပျိုးလာကြရာတွင် ဝဥပင်များ အောင်မြင်ဖြစ်ထွန်းလာပြီး စျေးကွက်သို့ ရောင်းချနိုင်သည့် အရေအတွက်များရရှိနိုင်ရန် အလေးထားစိုက်ပျိုးလာကြသည်။ ဝဥသည် အစို၊ အခြောက် အမျိုးအစားနှစ်မျိုးစလုံးအား စုကလိမြို့တွင် ရောင်းချနိုင်ပြီဖြစ်သည်။
ဝဥများစိုက်ပျိုးချိန်မှ စျေးကွက်သို့ရောင်းချနိုင်သည်အထိ ကြာချိန်မှာ ၃ နှစ်ခန့်ကြာမြင့်ပြီး ရေခံမြေခံကောင်းသောစုကလိမြို့တွင် အစေ့ထုတ်ကော်ပြောင်း စိုက်ပျိုးခြင်းနှင့် ဝဥစိုက်ပျိုးခြင်းအား အဓိကထားစိုက်ပျိုးလာကြကြောင်းနှင့် လာမည့်နှစ် ဝဥတူးဖော်ရောင်းချနိုင်မည့်အချိန်တွင် စျေးကောင်းရရှိစေရန်လည်း မျှော်လင့်လျက်ရှိကြောင်း ဝဥစိုက်တောင်သူ တစ်ဦးထံမှ သိရှိရပြီး လိုအပ်သည့်နည်းပညာများကိုလည်း စုကလိမြို့စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေး စင်တာမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုပိုအောင်(စုကလိပြန်/ဆက်)