မင်းဘူး(စကု)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး

မင်းဘူး ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပိုက်သင်ကျေးရွာနှင့် ချောင်းဖြူကျွေးရွာ၌ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဝင်းနှင့် အဖွဲ့ဝင် မြို့နယ်လ.ဝ.ကဦးစီးမှူး ဦးဇော်မိုးသက်တို့ ဦးဆောင်ပြီး မြို့နယ် အဆင့် ဌာနဆိုင်ရာ] တာဝန်ရှိသူများက ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာလုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ ကွန်ကရစ်လမ်း၊ လျှပ်စစ်မီးလင်းရေး၊ အဆောက်အဦး၊ စိုက်ပျိုးရေး စသည့် အခြေခံကြသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြု တင်ပြခဲ့ကြရာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေမှူးက လိုအပ်သည်များကို​ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ဌာနအလိုက် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း ဖြည့်စွက်တင်ပြပြီး ခွင့်ပြုရန်ပုံငွေနှင့် လုပ်ငန်းများရရှိစေရေး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)