မင်းလှမြို့နယ်တွင် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

အထက်မင်းလှ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉)နာရီက ရေနံမကျေးရွာဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းမှ သင်ကြား ပေးခဲ့သည့် နည်းပညာများအား ဆက်လက်အသုံးချ လုပ်ကိုင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သရက်ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြား‌ပေးခဲ့မှုများအား ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ခဲ့ပြီး  သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးအား ဩဂုတ်လ(၅) ရက်နေ့မှ (၁၁)ရက်နေ့ထိ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဇာဇာ(အထက်မင်းလှ)