သာပေါင်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စားသုံးသူရေးရာအကြောင်း အသိပညာပေး (Talk Show) ကို ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ စားသုံးသူရေးရာ သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလက်မှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်များမှာ စားသုံးသူများအား လုံခြုံစိတ်ချမှုရှိစေရန်၊ စားသုံးသူအခွင့် အရေးနှင့် စားသုံးသူအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်တို့ ပြောကြားခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဌာနမှာ ဥပဒေတွေ၊ ရည်ရွယ်ချက်များရှိသလို စားသုံးသူတွေမှာလည်း အခွင့် အရေးတွေ၊ တာဝန်တွေရှိပါတယ်၊ ထုတ်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တွေမှာ အာမခံချက်တွေပေးရပါ့မယ်၊ ဝန်ဆောင်မှုကဏ္ဍမှာလည်း ဝန်ဆောင်မှုအာမခံချက်တွေပေးရမှာ ဖြစ်သလို စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ပတ်သက်တဲ့ တောင်းဆိုပိုင်ခွင့် အခွင့်အရေး တွေရှိသလို ဝန်ဆောင်မှုအနေဖြင့် တောင်းဆိုပိုင်ခွင်များရှိပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ အပိုင်းကတော့ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)၊ ပုဒ်မ(၄၁)မှာ ကုန်စည်နဲ့ပတ်သက်တဲ့ ကုန်အညွှန်းအမှတ်အသားတွေကို ကုန်စည်အုပ်စုအလိုက် ဖော်ပြပေးရမှာဖြစ်ပါတယ်၊ ပုဒ်မ(၄၃)မှာဆိုရင် ထုတ်ကုန်အညွှန်း အမှတ်အသားတွေကို မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာနှင့် တွဲဖက်ဖော်ပြပေးရမှာဖြစ်ပါတယ်၊ မြို့နယ်အတွင်း အသိပညာပေး လုပ်ငန်းများ ကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စာသင်ကျောင်းများ၊ဈေးဆိုင်များ၊ စည်ပင်သာယာဈေးများတွင် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို အကျယ်တဝင့် အသိပညာပေး ပြောကြားခဲ့သည်။
မျိုးဇော်သိန်း