အုတ်တွင်းမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်နှင့် မွန်ဘားဆားမြက်စိုက်ပျိုး

အုတ်တွင်း သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်နှင့် မွန်ဘားဆားမြက်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆီဆုံကုန်းအုပ်စု၊ ကိုင်းသာကြီးကျေးရွာနေ တောင်သူဦးဝင်းတင်၏ ယာမြေတစ်ဧကတွင် နေဗီယာမြက် (၀.၇၀)ဧကနှင့် မွန်ဘားဆားမြက်(၀.၃၀)ဧက စိုက်ပျိုးနေမှုများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက သွားရောက်၍ နေဗီယာမြက်မျိုးနှင့် မွန်ဘားဆားမြက်မျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါနေဗီယာမြက်နှင့် မွန်ဘားဆားမြက်စိုက်ပျိုးခြင်းဖြင့်ကျွဲ၊ နွားမွေးမြူရေးအစာရှားပါးမှု လျော့နည်းစေခြင်း၊ အာဟာရဓာတ်ကြွယ်ဝသော အစာများရရှိခြင်း၊ ကောင်းမွန်သောကျွဲ၊ နွားအစာများရရှိစေခြင်း၊ ပရိုတင်းဓာတ်ပမာဏများ စွာပါဝင်သည့် အတွက်ကျွဲ၊ နွားများအာဟာရပြည့်ဖြိုးသော အစာများစားသုံးခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် တိရစ္ဆာန်အစာပင် နေဗီယာမြက်နှင့် မွန်ဘားဆားမြက်မျိုးကို စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် မွန်ဘားဆားမြက်မျိုးစေ့၁ကီလိုဂရမ်နှင့် နေဗီယာမြက်မျိုးအဆစ်ပေါင်း ၂၇၀၀ ဖြန့်ဝေပေးခဲ့ပြီး အဆိုပါမြက်များကိုသုံးလကျော်တွင် စတင် ရိတ်သိမ်း၍ ရကြောင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)