စုကလိမြို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

စုကလိ ဩဂုတ် ၁၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် နှစ်စဉ်ဝါခေါင်လပြည့်နေ့၌ ရိုးရာအစဉ်အလာတစ်ခုဖြစ်သည့် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စုကလိမြို့ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စုကလိမြို့ဦးကျောင်းဆရာတော်ဘုရားမှ စကောကရင်ဘာသာဖြင့် ကရင်လူမျိုးတို့၏ ရိုးရာဓလေ့ဖြစ်သည့် ချည်ဖြူဖွဲ့မင်္ဂလာအကြောင်း မိန့်ကြားခဲ့ပြီး အဖိုး (၇) ဦး၊ အဖွား (၇) ဦးတို့မှ ဆုတောင်းမေတ္တာပို့သခြင်း၊ ချည်ဖြူဖွဲ့ခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြသည်။

ကရင်လူမျိုးများ၏ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသည် ကွဲကွာနေသောဆွေမျိုးများ ပြန်လည်ဆုံတွေ့နိုင်စေရန်၊ မိသားစုအချင်းချင်းပြန်လည်စုစည်းကြရန်၊ ကရင်လူမျိုးများအချင်းချင်း ချစ်ကြည်သွေးစည်းမှုခိုင်မြဲစေရန်နှင့် ညီညီညွတ်ညွတ်ဖြင့် တစ်ဦးကိုတစ်ဦး ထောက်ပံ့ကူညီကြပြီး အေးအေးချမ်းချမ်းနေနိုင်ကြ စေရန်၊ စကား၊ စာပေ၊ အနုပညာ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့များမပျောက်ကွယ်စေရန်၊ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေး မှုထုံးတမ်းအစဉ်အလာများကို မြတ်နိုးထိန်းသိမ်းတတ်သော အသိပညာ၊ အတတ်ပညာမြင့်မားသောလူမျိူးများအဖြစ် အစဉ်တည်တံ့စေရန်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ကြောင်း၊ လက်ချည်ရာတွင် ထမင်းဆုပ်၊ ကောက်ညှင်းထုပ်၊ ငှက်ပျော သီး၊ ကြံ၊ ပန်း၊ ရေနှင့် ချည်ဖြူ၊ ချည်နီများပါဝင်ကြောင်း သိရသည်။

ထို့နောက် မြို့နေပြည်သူများမှ အဖိုး၊ အဖွားများမှ သားသမီးမြေးမြစ်များအားလည်ကောင်း၊ မိဘများမှ သားသမီးများအားလည်ကောင်း၊ လူငယ် လူရွယ်များအနေဖြင့် အပြန်အလှန် ချည်ဖြူဖွဲ့ပေးခဲ့ကြသည်။ ကရင်လူမျိုးများအနေဖြင့် မိမိတို့၏ ဓလေ့ရိုးရာထုံးတမ်းစဉ်လာများအား မြတ်နိုးတန်ဖိုးထား၍ လေးစားတတ်ကြစေရန်တို့ကို အလေးထားဆောင်ရွက်တတ်ကြစေရန်ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း ပွဲစီစဉ်ကျင်းပသူ ဆရာတော်ဘုရားထံမှ သိရသည်။

ပိုပိုအောင်