ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

ထားဝယ်  သြဂုတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ် လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတ ရရှိစေရန်နှင့် ခရိုင်ပြည်သူ့ စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသ စာအုပ်စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပညာရေးမှူးရုံးမှဝန်ထမ်းများအား သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးမှူးရုံးမှ ဝန်ထမ်းများ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ရာ ပညာရေးမှူးများက ကူညီဆောင်ရွက်ခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်း ဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို လာရောက် အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀) အုပ် ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို (၃) ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)