တိုင်းရင်းဆေးပညာဖြင့် နယ်လှည့်ကွင်းဆင်း အခမဲ့ကုသခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ဗောဓိရိပ်သာဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်

ကြို့ပင်ကောက် ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ ၁၆ ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါ်နှင်းထိုက်တိုးနှင့်ဝန်ထမ်းများက ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် နယ်လှည့်ကွင်းဆင်း အခမဲ့ဆေးကုသခြင်းကို ဗောဓိရိပ်သာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

တိုင်းရင်းဆေးပညာဖြင့် ပြည်သူများကို ကုသမှုပေးနိုင်ရန် ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးနိုင်ရန်နှင့် ဥပုသ်နေ့သီလယူရန် လာရောက်ကြသော ယောဂီများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်ရည်ရွယ်၍ကွင်းဆင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း ၁၆ ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်နှင်းထိုက်တိုးက ပြောသည်။

ဗောဓိရိပ်သာဘုန်းတော်ကြီးကျောင်းတွင် ဥပုသ်နေ့သီလယူရန် လာရောက်ကြသော ယောဂီ ၅၀ ခန့် ဆေးဝါကုသမှုခံယူခဲ့ကြောင်း ဆက်လက်ကုသရန် လိုအပ်သောလူနာများကို တိုင်းရင်းဆေးရုံသို့ဖိတ်ခေါ်ပြီး ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း လက်ရှိအချိန်တွင် တိုင်းရင်းဆေးရုံ၌ အရိုးအစစ်နဲ့ အကြောရောဂါများ အများဆုံးလာရောက်ကုသနေကြောင်း တိုင်းရင်းဆေးရုံတွင် နေ့စဉ်ဆေးဝါကုမှုခံယူနေသူ ၂၀ ဦးခန့်ရှိပြီး ဆေးရုံတက်၍ကုသမှုခံယူနေသူ နှစ်ဦးရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)