ကျောက်ထု စက်တင်ဘာ ၁၁
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းသို့သွားရာ ရွာမလမ်းတွင် လမ်းဘေး ရေမြောင်းကို ကွန်ကရစ်ရေမြောင်းအဖြစ် ရွာဦးကျောင်းဆရာတော်က ဦးဆောင်ကာ ကိုယ့်အား ကိုယ်ကိုးစနစ် ဖြင့် စက်တင်ဘာ ၁ ရက်မှစတင်ကာ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
မြောင်းအဆင့်မြှင့်တင်ခြင်းနှင့်စပ်လျဉ်း၍ “ဦးပဉ္စင်းတို့ရွာက ကျောက်ထု- ထီးလင်း ကားလမ်းမကြီးပေါ်က ရွာဖြစ်ပါတယ်၊ အိမ်ခြေ ၄၂၀ ကျော်ရှိပါတယ်၊ ရွာတည်ဆောက်ပုံက ကုန်းစောင်းပေါ်မှာဖြစ်နေလို့ မိုးတွင်းကာ လမှာ ရေနှုတ်မြောင်းတွေမကောင်းရင် လမ်းပျက် တယ်၊ ခင်းထားတဲ့သဲတွေလဲ ရေစီးနဲ့အတူပါသွားတာပေါ့ ၊ ကွန်ကရစ်မြောင်း လုပ်ငန်းကိုတော့ နိုင်သလောက် တစ်နှစ်ပြီးတစ်နှစ် တိုးပြီးဆောင်ရွက်သွားကြမှာဖြစ်ပါတယ်” ဟု ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တသောဘနက မိန့်ကြားသည်။
အဆိုပါလုပ်ငန်းကို ကျေးရွာမတည်ငွေကျပ် သိန်း ၂၀ ဖြင့် ယခုနှစ်၌ အလျား ၅၀ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ အဖြစ် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိလမ်းပိုင်းများအတွက် ရေမြောင်းများအား လာမည့်နှစ်များတွင် ဆက်လက် ဆောင်ရွက်သွား မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဗိုလ်တင့် ပြောပြချက်အရ သိရသည်။
ကြီးကျေးရွာတွင် ရွာလယ်လမ်းမကြီး ၃ ခု၊ လမ်းသွယ် ၂၆ ခုရှိပြီး လက်ရှိကာလတွင် ရွာလမ်းလမ်းမကြီး များအား တစ်နှစ် ချင်းအလိုက် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ရေးမြောင်းများလည်း အဆင့်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။
မောဟေမာန်(ပြန်ဆက်)