ကျိုက်လတ် သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့ပေါ်နှင့် အနီးအနားကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်၊ သီလရှင်အပါး (၇၀၀)ကျော်အား အရုဏ်ဆွမ်း လောင်းလှူခြင်းကို ယနေ့ ဝါခေါင်လပြည့်နေ့ (ဝါတွင်းကာလ) နံနက်အရုဏ်တက်ချိန်၊ အမှတ် (၄) ရပ်ကွက်၊ ၈×၉ ဦးစန္ဒာလမ်းရှိ ကြာသပတေး သံဃာ့ဒါနဆွမ်းလောင်းအသင်း၌ အလှူရှင်များက လှူဒါန်းကုသိုလ်ပြု ခဲ့ကြသည်။
ယနေ့၌ မြို့ပေါ်နှင့် အနီးအနား ကျေးရွာများမှ ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်၊ သီလရှင်အပါး (၇၀၀)ကျော်အား ဝါတွင်းကာလ အရုဏ်ဆွမ်း လောင်းလှူနိုင်ရန်အတွက် အမှတ်(၄) ရပ်ကွက်နေ အလှူရှင် မာလာမြိုင်မိသားစုတို့၏ လှူဒါန်းပေးမှုဖြင့် မြို့နယ်ဝါတွင်းကာလ ကြာသပတေးသံဃာ့ဒါနဆွမ်းလောင်း အသင်းနာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များက အရုဏ်ဆွမ်း တော်များ၊ ဟင်းတော်များအား ချက်ပြုတ်ပေးပြီး အလှူရှင်များနှင့် အတူ စုပေါင်းလောင်းလှူခဲ့ကြ သည်။ ယနေ့ ဝါခေါင်လပြည့်နေ့ ဆွမ်းလောင်းလှူပွဲတွင် ကျိုက်လတ်မြို့ပေါ် နှင့်အနီးအနား ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၄၆)ကျောင်းမှ ဆရာတော်၊ သံဃာတော်၊ သီလရှင်အပါး (၇၀၀)ကျော်တို့အား ဆွမ်းလောင်းလှူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရီရီမြင့်