မင်းလှ ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စာဖက်ရုံးလမ်းရှိ မြို့မပရိယတ္တိ စာသင်တိုက်၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က မြို့မစာသင်တိုက် ဆရာတော်၏ သက်တော်(၄၀)ပြည့် “ဝိဇာတ မင်္ဂလာ အထိမ်းအမှတ်မဂ္ဂဇင်း” ထုတ်ဝေနိုင်ရေး အစည်းဝေးပြုလုပ်ခဲ့သည်။
အစည်းအဝေးကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့၍မြို့မ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အရှင်ကဝိသာရက “ဝိဇာတမင်္ဂလာ အထိမ်းအမှတ် မဂ္ဂဇင်း” ထုတ်ဝေရခြင်းအကြောင်း မိန့်ကြားတော်မှုခဲ့သည်။ အစည်းအဝေးတတ်ရောက်လာသော စာရေးဆရာအသင်းအဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူများ က မဂ္ဂဇင်းထုတ်ဝေရာတွင် ဆောင်ရွက်သင့်သည်အချက်များကို အကြံပြုဆွေးနွေး ပြောကြားခဲ့ ကြသည်။
မြို့မကျောင်းတိုက်သည် နှစ်ပေါင်း ၁၂၄ နှစ်ခန့်ရှိ သက်တမ်းရှည်ကျောင်းတိုက်တစ်ခုဖြစ်ပြီး ထိုကျောင်းတိုက်ကို ခုနှစ်ဆက်မြောက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသူရိယစက္ကမထေရ်က ၁၃၄၃ ခုနှစ်မှစတင်၍ ပရိယတ္တိပညာသင်ကြားရေး စာသင်တိုက်အဖြစ်စတင် ပြောင်းလဲတည်ထောင်ခဲ့ရာ ၁၃၈၄ ခုနှစ်တွင် စာသင်တိုက်သက်တမ်း ၄၁ နှစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၍ နဝမမြောက် ကျောင်းထိုင်ဆရာတော် အရှင်ကဝိသာရက ပရိယတ္တိအမွေကိုဆက်ခံ၍၊ ပဓါနနာယက အဖြစ် ကျောင်းထိုင်စာချလာခဲ့သည်မှာ ၁၁ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ မြို့မစာသင်တိုက်၏ ပဓါနနာယကဆရာတော် အရှင်ကဝိသာရ၏ သက်တော်(၄၀) နှစ်ပြည့် “ဝိဇာတမင်္ဂလာ အထိမ်းအမှတ်မဂ္ဂဇင်း” စာအုပ်ကို ခန့်ငြားထည်ဝါစွာဖြင့် ထုတ်ဝေပူဇော်ကြမည်ဖြစ်၍ အနယ်နယ်အရပ်ရပ်ရှိ စာပေပညာရှင်များ၊ စာပေဝါသနာရှင်များတို့က မိမိတို့ နှစ်သက်ရာ သုတ၊ ရသ ဆောင်းပါး၊ ရတု၊တေးထပ်၊ ဝတ္ထုတိုများ စသည်တို့ကို ၇-၁၁-၂၀၂၃ ရက်နေ့ နောက်ဆုံးထားပြီး ရေးသားချီးမြှင့်ပေးပို့ကြပါရန် နိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)