ကရသူရိမြို့နယ်တွင် ဆီအုန်းသီးဈေးနှုန်းကောင်းမွန်လာသဖြင့် တစ်ပိုင်တစ်နိုင်ဆီအုန်းခြံစိုက်ပျိုးသူပိုများလာ

ကရသူရိ  ဩဂုတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် နှစ်ရှည်ပင်စိုက်ပျိုးမှုများထဲမှ ယခုနှစ် ရာသီတွင်ဆီအုန်းသီးဈေးနှုန်းကောင်း မွန်လာ၍  တစ်ပိုင်တစ်နိုင် ဆီအုန်းပင်ကိုပိုမိုစိုက်ပျိုးလာကြောင်းသိရသည်။

ဆီအုန်းပင်ကို မိုးများသည့် တနင်္သာရီတိုင်းတွင်အများဆုံး စိုက်ပျိုးဖြစ်ထွန်းသည့်အတွက် ဘုတ်ပြင်းခရိုင်နယ်မြေတွင် တောင်ဒဂုံဆီအုန်းကုမ္ပဏီ၊ ကော့သောင်းခရိုင်နှင့် ကရသူရိနယ်မြေတို့တွင် ယုဇန၊ အဏ္ဏဝါထွန်း၊ အောင်ဇင်ဘာနှင့် ပိုကောင်းဆီအုန်းကုမ္ပဏီတို့ အသီးသီးရှိပြီး ဆီကြမ်း ထုတ်လုပ်သည့်စက်ရုံကတော့ တောင်ဒဂုံဆီအုန်းကုမ္ပဏီနှင့် ယုဇနဆီအုန်းကုမ္ပဏီတို့တွင် ဆီကြမ်းများ ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ ဆီကြမ်းထုတ်လုပ်နိုင်သည့် စက်ရုံများမှ ဆီအုန်းသီးများဈေးကောင်းပေးဝယ်ယူနေမှုနှင့်ပတ်သက်ပြီး  "ဟုတ်တယ်ဗျ ယခုနှစ်ဆီအုန်းသီး တန်ချိန်ဈေးပို ကောင်းလာတယ်။ ကျွန်တော့တို့ တစ်ပိုင်တစ်နိုင်ဆီအုန်းခြံစတည်တော့မည်ဆိုရင် နီးစပ်ရာကုမ္ပဏီဆီက အရင်ဦးဆုံးပျိုးပင်ဝယ်ယူရတယ်။ ဆီအုန်းကို တစ်ပင်နှင့်တစ်ပင် ၂၄ ပေ အကွာစိုက်ပျိုးရတဲ့အတွက် မြေအကျယ်အဝန်းတော့ တော်တော်လိုတယ်ဗျ။ စားဆီဈေးနှုန်းတွေ တက်လာနေလိုလားမသိဘူး ဆီအုန်းတန်ချိန်ဈေးကောင်းရလာတော့ တစ်ပိုင်တစ်နိုင်စိုက်ပျိုး ထားသူတွေက အဆင်ပြေတာပေါ့" ဟု ဆီအုန်းခြံစိုက်ပျိုးထားသူတစ်ဦးကပြောသည်။

တနင်္သာရီတိုင်းတွင် ဆီအုန်းစိုက်ပျိုးသူဒေသခံတွေများလာပြီး ထွက်ရှိသည့်အသီးကို တောင်ဒဂုံ ဆီအုန်းကုမ္ပဏီသို့အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်ရမည်ဟုလည်း သိရသည်။

ကရသူရိ(ပြန်/ဆက်)