ဒေးဒရဲ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာရှိ ကွင်းအမှတ် (၂၄၇)၊ ဦးပိုင်အမှတ် (၂၀/၂၊ ၂၁/၃၊ ၂၉/၁၊ ၃၀/၃) ရှိ တောင်သူ ဦးဝင်းမြင့်အောင်၏ တစ်မိုးနှစ်သီးစိုက်ပုံစံ မိုးစပါးပထမသီး စိုက်ပျိုးထားသော လယ်မြေ (၁၆၂)ဧကတွင် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်(၁၁) နာရီက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှု အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူ များ တက်ရောက်၍ တစ်မိုးနှစ်သီးစိုက်ပုံစံကွက်ရှိ ပထမသီးစံကွက်ရှိ (GW-11) စပါးခင်းအား ရိတ်သိမ်းချွေလှေ့မှုကို စုပေါင်းဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် အစိုအထွက် (၈၂)တင်းနှုန်း၊ အစိုအမှတ်(၁၄)ရှိ အခြောက်အထွက်နှုန်း (၇၁.၈)တင်းနှုန်း ထွက်ရှိခဲ့သဖြင့် ဆောင်းစပါးစိုက်ပျိုး ကုန်ကျစရိတ်ထက် မြစ်ရေတင်စရိတ်နှင့် ဓာတ်မြေသြဇာ(၂)အိတ် လျော့နည်းသုံးစွဲရပြီး လက်ရှိ စပါးပေါက်စျေးအရ တစ်ဧကလျှင်(၂)သိန်းနှုန်း အမြတ်အစွန်းရရှိသဖြင့် မိသားစုဝင်ငွေ တိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းထွန်း ၏ ပြောကြားချက်အရ သိရသည်။
ဒေးဒရဲမြို့နယ်၌ စိုက်ပျိုးမြေများတွင် သီနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးနိုင်ရေး စံပြစိုက်ခင်းများတွင် နည်းပညာပေး လုပ်ငန်းများအား စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အေဇာလင်း